RSS

ဟာသ ၊ မျက်ရည် နှင့် ရယ်၍ ငို၍ မရသော မျက်နှာ

02 Aug

ကျွန်တော်တို့ ရယ်ကြတယ်။ ငိုကြတယ်။ ရယ်လို့ငိုလို့မရတဲ့ မျက်နှာများနဲ့လည်း လက်ဆွဲနှုတ်ဆက်ကြသေးတယ်။

ဟာသက လူကို ပျော်ရွှင်စေပါတယ်။ အပြုံးကိုလူတိုင်းက အလိုရှိတယ်။ မျက်ရည်ကျတာကိုတော့ ကျွန်တော်တို့ငြင်းပယ်ကြပါတယ်။ သို့သော်ဟာသရော၊ မျက်ရည်ကိုပါ ပူးတွဲလက်ခံကြရပါတယ်။

ဟာသနဲ့မျက်ရည်ကို တွဲဖက်လိုက်တဲ့အခါ ဘယ်လိုခံစားရမလဲ။

စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျွန်တော်ကတော့ ဟာသ၊မျက်ရည်နဲ့ ရယ်လို့ငိုလို့မရတဲ့မျက်နှာ၊ အဲဒီ သုံးခုပေါင်းလိုက်လျှင် “လောကဓံ” လူသားတစ်ယောက်ကို ရလောက်တယ်လို့ တွေးပါတယ်။

ဟာသ+မျက်ရည်+ရယ်လို့ငိုလို့မရတဲ့မျက်နှာ=လောကဓံလူသား

ကျွန်တော်တို့အတွက် ဟာသက အသက်ရှည်ဆေးတစ်ခွက်လို့ ပြောလျှင်မျက်ရည်က အားအင်ပြည့်ဖြိုးစေတဲ့ ပရိုတိန်းဓာတ် တစ်မျိုးဖြစ်တယ်လို့ ခံစားချင်ပါတယ်။

ဟာသ အမျိုးမျိုး ရှိပါတယ်။

သဏ္ဍာန်လုပ်သရုပ်ဆောင်တာ (Impersonation)

ပကာသနကိုဖောက်ထွင်းပစ်တာ (Debunking)

မထိတထိရယ်သွေးလွှမ်းတာ(dry humour)

ဇ၀နဥာဏ်ရွှင်တာ (witticism)

သရော်တာ(satire)

စာပြောင်စာပျက်(Parody)နဲ့

ရုပ်ပြောင် (caricature)

စသည်ဖြင့် ဟာသအမျိုးမျိုး ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ရယ်ရယ်ပြုံးပြုံးနေတဲ့လူဟာ လူချစ်လူခင်များပါတယ်။ ကျက်သရေ ရှိပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေ လှုပ်ရှားသွားပါတယ်။ ရယ်တဲ့လူဟာ မျက်လုံးလှသတဲ့။ စိတ်ဖိစီးမှုတွေ ပြေလျော့သတဲ့။ ရယ်တဲ့အခါမှာလည်း ဒီဂရီအတိုင်းအတာ ရှိပါတယ်။

အိနြေ္ဒတည်ခန့်တဲ့ မျက်နှာဟာ နုပျိုလန်းဆန်းသွားပါတယ်။ မျက်စိလေးပဲပြုံးတာ၊ နှုတ်ခမ်းပိတ်ပြီးရယ်တာ၊ သွားပေါ်ရုံ စဉ်းငယ်ရယ်တာ၊ ပါးစပ်ဖွင့်ပြီး တဟဲဟဲရယ်တာ၊ နောက်ဆုံးမျက်ရည်ထွက် ခန္ဓာတစ်ခုလုံး လှုပ်ခတ်၊ အူလှိုက်သည်းလှိုက် ရယ်မောတာ။

ကဗျာဆရာ ကျော်အောင်သစ်ကလည်း ဒီလိုကဗျာရေးဖွဲ့ဖူးရဲ့။

ဗူးဆို့တွေကို ဖွင့်လိုက်ပါ

ဖိတ်စရာ ဘာမှမကျန်သောအခါ

ပုလင်းက သူ့ဘာသာ အိနြေ္ဒရရ ကျန်ခဲ့မှာ။

သူရဲ့ကဗျာခေါင်းစဉ်က “လူပြက်” တဲ့။ ဟာသတချို့တလေဟာ ပိတ်ဆို့နေတဲ့ ကျွန်တော်တို့ရဲ့အတွေး၊ အမြင်၊ ချွတ်ခြုံကျမှုတွေနဲ့ လားရာတွေကို ပါဒလေမခအောင် ဖွင့်ပေးထားပါတယ်။ ဆန္ဒ၊ ဆင်ခြင်တွက်ဆခြင်းနဲ့ အတ္တလိပ်ပြာတွေကို ဖယ်ရှားပါတယ်။

လူသားဟာ ကမ္ဘာရဲ့ ဂုဏ်ရောင်၊ ဟာသနဲ့ ပဟေဠိလို့ Alexender Pope ကပြောပါတယ်။

ကလိထိုးပြီးရယ်မှ ဟာသမဟုတ်ပါ။ ဟာသကြောင့် စိုးရမ်ကြောင့်ကြမှုတွေ၊ တင်းမာမှုတွေ ပြေပျောက်ပါသတဲ့။

အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း လွန်မေဂျာဟာ ရယ်ရမှာကို မေ့လျော့နေတတ်သတဲ့။ လူကြိုက်နည်းရခြင်း အကြောင်းအရင်းဖြစ်လို့ တစ်နေ့ကို ၁၅မိနစ်လောက် အရယ်ကျင့်ဖို့ အကြံဥာဏ်ပေးသတဲ့။

ကမ္ဘာလောကမှာ မရယ်မပြုံးဘဲ နေနိုင်တဲ့လူ အတော်ရှားပါးပါလိမ့်မယ်။ ရယ်ခြင်းဟာ ဟာသ၊ နားလည်သိမှုနဲ့ နှစ်သက်ကြုံကြိုက်မှု တခုခုကြောင့်ဆိုရင်… ငိုခြင်းဟာ မျက်ရည်ကျ
ဝမ်းနည်းကြေကွဲ၊ အလွမ်းပီတိ၊ ပြန်ပြောင်းအောက်မေ့ခြင်းနဲ့ ပဋာမြေလူးခြင်း သင်္ကေတတွေနဲ့ သရုပ်ပေါ်ပါတယ်။

မျက်ရည်ဟာ လူတွေရဲ့ ဂုဏ်ရည်။ လူတွေသာ ငိုကြပါတယ်။ တိရစ္ဆာန်တွေ စာဖွဲ့လောက်အောင် မျက်ရည်မကျတတ်ပါ။ ဒါပေမယ့် သားသတ်ရုံကို ရောက်တော့မယ့် တိရစ္ဆာန်တွေဟာ ငိုတတ်ကြသတဲ့။ မျက်ရည်ကျတတ်ကြသတဲ့။

ကိုရီးယားနိုင်ငံနဲ့ တချို့ကျွန်းနိုင်ငံတခုတလေမှာ အခကြေးငွေရယူပြီး ငိုပေးကြတဲ့ ငိုချင်းသည် (professional moaners) တွေရှိတယ်လို့ ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် မျက်ရည်စီးကြောင်းတွေရဲ့ ရာဇ၀င်မှာ ဟန်ဆောင်မှုတွေ၊ ထိခိုက်နာကျည်းမှုတွေနဲ့ ကလိန်ဥာဏ်ဆင်မှု အမျိုးမျိုးလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ခံစားမှုမောင်းတံ (emotional trigger) အမျိုးမျိုးကိုဖြုတ်ပြီး ကျွန်တော်တို့ ငိုကြပါတယ်။ “ငိုချင်ရဲ့လက်တို့” ဆိုတာ ချစ်သူမိန်းကလေး၊ ကလေးငယ်နဲ့ သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ငိုတဲ့အခါ lysozyme မျက်ရည်အင်ဇိုင်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီ့ထဲမှာ ငိုရင်ပေါ့စေတဲ့ Epinephrine ဇီဝပစ္စည်းတစ်မျိုးပါသတဲ့။

ငိုခြင်းဟာ ကောင်းပါတယ်။ “ငိုသာ ငိုချလိုက်၊ ရင်ထဲစိတ်ထဲ ပေါ့သွားတာပေါ့” လို့ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ ငိုခြင်းဟာ
ခံစားမှုဝမ်းနုတ်ဆေး (emotional cathassis) တစ်လက်ဖြစ်ပါတယ်။ (value of tragedy) စိတ်နှလုံးထဲက အညစ်အကြေး အကျိအချွဲ (mucus) တွေကို သန့်ရှင်းစေခြင်းပဲ ဖြစ်ပါတယ်။

ထို့အတူ မျက်ရည်ဟာ အချက်ပြသင်္ကေတတစ်ခုလည်း ဖြစ်နိုင်သေးရဲ့။ နို့ဆာတဲ့ကလေးဟာ မိခင်နို့ချိုချိုကို ရရှိဖို့ ငိုကြွေးတောင်းဆိုထားပါတယ်။ စိတ်ကောက်နေတဲ့ မိန်းကလေးက ချစ်သူရဲ့အချော့အမြူကို ရဖို့ မျက်ရည်စက်တွေ တစ်လုံးချင်းစီ ချွေပြပါတယ်။ ဒါကြောင့် မျက်ရည်ဟာ “မာယာလက်နက်” (manipulative tool) ဆိုပြီး ကမ္ဘာတစ်လွှား ကျော်ကြားပါတယ်။

မျက်ရည်အမျိုးမျိုးရှိတဲ့အနက် အစစ်အမှန်ဝမ်းနည်းဝမ်းသာ ခံစားလို့ကျတဲ့ မျက်ရည်ကို ခံစားမှုမျက်ရည် (emotional tear) ဆိုပြီး တန်ဖိုးထားပါတယ်။ ရောင်ပြန်မျက်ရည် (reflex tear)ဆိုတာ ရောယောင်ပြီး လိုက်ကျတဲ့မျက်ရည်၊ ရုပ်ရှင်ဗီဒီယိုကြည့်ပြီး လိုက်ကျတဲ့မျက်ရည်မျိုး ဖြစ်သတဲ့။ ရောင်ပြန်မျက်ရည်ထက် ခံစားမှုမျက်ရည်မှာ ပရိုတိန်းဖွဲ့စည်းမှု ပိုမြင့်မားသတဲ့။

ကျွန်တော်တို့ဟာ ရိုလာကိုစတာစီးရသလို ဘ၀မှာ ငိုလိုက်၊ ရယ်လိုက်နဲ့ နိမ့်တုံမြင့်တုံ စိတ်လှုပ်ရှားဖြတ်သန်းကြရပါတယ်။ မငိုမရယ်ရတဲ့ ဘ၀ဟာ ပျင်းစရာကောင်းပါတယ်။ စိတ်ဝင်စားဖွယ်မရှိပါ။ မျက်နှာသေဆန်ပါတယ်။ မျက်နှာဖုံးဆန်ပါတယ်။ ဒါကြောင့်လွတ်လွတ်လပ်လပ် ငိုကြပါ။ ရယ်ကြပါ။

Friedrich Nietzche ကတော့ “ဖို” သတ္တ၀ါတွေမှာ အန္တရယ်နဲ့ ကစားတတ်တဲ့ အကျင့်ရှိတယ်လို့ ဆိုပါတယ်။ သူတို့အတွက် “မ”သတ္တ၀ါဟာ အကြီးကျယ်ဆုံး အန္တရာယ်နဲ့ ကစားစရာ သက်ရှိဖြစ်သတဲ့။ ဒါကြောင့် “ဖိုနဲ့မ” ဟာ သမိုင်းတစ်လျှောက် ဒွန်တွဲလွန်ဆွဲကြပါတယ်။ “မ”သတ္တ၀ါရဲ့လက်နက်က မျက်ရည်။ သူရဲကောင်း”ဖို”သတ္တ၀ါတွေအတွက် အငိုက်မိစေတဲ့ အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ “မ”တွေက ငိုလို့ “ဖို”တွေက ချော့တဲ့အခါ မနေနိုင်ဘဲ ပြုံးရယ်လာကြပါတယ်။ ဒါဟာ ဖိုနဲ့မတိုင်း ကြည်နူး ပျော်ရွှင်ရတဲ့ နားလည်မှုတစ်ခုပဲ မဟုတ်လား။ ဟာသပုံစံ တစ်မျိုးပဲ မဟုတ်လား။

လူတိုင်း ခံစားချက်ရှိပါတယ်။ ကျွန်တော်တို့အားလုံး ခံစားချက်ကိုယ်စီ ရှိပါတယ်။ ဖြစ်နေတာနဲ့ ဖြစ်သင့်တာကြားထဲက ကွာဟချက်ကို ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာနဲ့ မြှောက်ကြည့်လျှင် ခံစားချက်ရလဒ်တွေ ထွက်ပေါ်လာပါတယ်။

ဒီတော့ ရယ်လို့ ငိုလို့ မရတဲ့အခါတိုင်း တစ်နေ့ကို၁၅ကြိမ်လောက် ပြုံးပြုံးရယ်ရယ်နေဖို့ သတိရပါ။ မျက်လုံး လှအောင် ရယ်မောတဲ့အခါတိုင်းလည်း မျက်ရည်ခလုတ်ဖွင့်ထုတ်၊ အဖိုးတန်လူသား သင်ရော၊ ကျွန်တော်ပါ ဖြစ်ကြရင် မကောင်းဘူးလားခင်ဗျာ။

 
Leave a comment

Posted by on August 2, 2010 in ဟာသ

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s